မြန်မာသုတစံအိမ်

"မြန်မာ့ဗဟုသုတဘဏ်တိုက်ကို လာလည်ကြတဲ့ မိတ်သဟာ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း၊ ခင်မင်ရင်းနှီးနွေးထွေးစွာကြိုဆိုလိုက်ပါတယ်။ နောင်လည်းမကြာမကြာလာလည်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ကျေးဇူးတင်စွာနဲ့ ဧည့်ဝတ်မပျက်ကြိုဆိုနေပါ့မယ်။ ။"

Monday, 18 April 2011

ရင်ခုန်သံမျက်ရေစတွေနဲ့-၁


ရင်ခုန်သံမျက်ရည်စတွေနှင့်…၁

         ညိုမဲနေသော တိမ်တိုက်တေလေတို့က မာယာများတတ်တဲ့မိန်းမပျို တစ်ယေက်လို စဲမလိုနှင့်ရွာလိုက်၊ ရွာမလိုနှင့်စဲလိုက်။ လူတွေကိုလှည့်စားလျက်ရှိသည်။ မာယာတိမ်တိုက်တွေကို ခ၀ါချရင်း ခေါက်တုံ့လူးလာ ပျာယာခတ်နေသည်က ``ကိုကို`` နှင့် ``ညီမလေး`` တို့ လူတစ်သိုက်ဖြစ်သည်။

           ``ကိုကို`` ဆိုသည်မှာ ကျွန်တော်ဖြစ်ပြီး ညီမလေဆိုသည်မှာ ကျွန်တော်၏ ချစ်သူဖြစ်ပါသည်။ ငယ်ငယ်ကတည်းက ညီမလေးရူးရူးခဲ့တဲ့ကျွန်တော်။ ကျွန်တော့်ချစ်သူကိုလည်း ညီမလေးဟုပင် အမြတ်တနိုးခေါ်ဝေါ်ခဲ့မိပါသည်။ ကျွန်တော့်ချစ်သူကလည်း ``ကိုကို``ကိုကို`` နဲ့။ ကျွန်တော့်အတွက် တေးသွားတစ်ပုဒ်ထက်ပင် ချိုမြိန်လျက်ရှိပါသည်။

           အဲဒီနေ့က ကျွန်တော့်ရဲ့ ပြည်ပခရီးအတွက်ပြင်ဆင်ရင်းအလုပ်ရှုပ်နေကြခြင်းဖြစ်ပါသည်။

           ``ကိုကိုက လက်ဖက်ကြိုက်တတ်တယ်လေ။ လက်ဖက်၊ပဲကြော်လိုသေးတယ်``
           ``ကိုကိုက အဆုပ်သိပ်မကောင်းဘူးလေ။ ဗိုက်တာမင်-စီ လိုသေးတယ်``
           ``ဟိုမှာက အရမ်းအေးမှာဆိုတော့ ညီမလေးကိုယ်တိုင်ထိုးထားတဲ့ မာဖလာလေး ထပ်ထည့်ပေးဦးမှဖြစ်မယ်``
           ``ဟိုမှာ နယ်မြေသစ်၊ အစားအသောက်သစ်တွေနဲ့ဆိုတော့ အားဆေးနဲ့တင် မလုံလောက်ဘူး။ အစာကြေဆေးနဲ့ ၀မ်းပျော့ဆေးလဲ ညီမလေးဝယ်ထည့်လိုက်ဦးမယ်``
           ဒီလိုနဲ့ ကျွန်တော်ကြိုက်တတ်တဲ့ အစားအသောက်၊ လိုအပ်တဲ့ အသုံးအဆောင်မျိုးစုံကို အချိန်အတန်ကြာကတည်းက မမောနိုင်၊ မပန်းနိုင် ပြင်ဆင်ပေးလာခဲ့တဲ့ကျွန်တော့်ချစ်သူကို ကျွန်တော်ကြည့်ရင်း သနားလာမိသည်။

           အဲဒီလို အလိုက်သိတတ်လွန်းလို့လည်း ကျွန်တော့်နှလုံးသားက ပိုပြီး ဦးညွတ်မိတယ် ထင်ပါရဲ့။

           ညီမလေးခင်မျာ နဖူးပြင်မို့မို့မှာ ချွေးတွေပင်စို့လာပြီ။ ညီမလေးအမောပြေဖို့အတွက် နှစ်ယောက်တည်းတွေ့နေကြ အချိန်တွေလို ချစ်သူရဲ့ နဖူးပြင်လေးကို ရင်ခုန်သံစည်းချက်တွေနဲ့ ခက်သွက်သွက် အနမ်းလေးတွေ ပေးချင်ပါရဲ့။ ဒါပေမဲ့ ပြည်ပခရီးထွက်ခါနီးမို့ မိဘမွေချင်းတွေကလည်း ၀ိုင်းဝိုင်းလည်နေတယ်လေ။
           ဒီတော့ စိတ်မသက်မသာနဲ့ပင်…

           ``ညီမလေးရေ…ကိုကို့သေတ္တာသော့နံပါတ်ပြမလို့ အခန်းထဲခဏလာပါဦး။``

           တကယ်ဆို အဲဒီသေတ္တာက ကျွန်တော်နိုင်ငံခြားယူသွားမယ့်သေတ္တာဆိုတာသိခဲ့ရင် သော့နံပါတ်ပြစရာ ဘာလိုလဲလို့ တွေးမိကြပါလိမ့်မည်။ သော့နံပါတ်အစား ကျွန်တော့်ပေးလိုက်သည်က ချစ်သူတိုင်း ရင်ခုန်မြတ်နိုးစွာ မျှော်လင့်စောင့်စားနေကြသည့် အနမ်းတစ်ပွင့်။ အဲဒီအချိန်မှာ ညီမလေးရဲ့ မျက်နှာ၌ ကောင်းကင်တစ်ပြင်လုံး ကြယ်စင်တွေဖူးပွင့် နေသလို။ ကျွန်တော်ပေးလိုက်သည်က အနမ်းတစ်ပွင့်မျှသာ။ ချစ်သူညီမလေးရဲ့ရင်ထဲမှာတော့ သူမဘ၀ရဲ့ ဥယျာဉ်တစ်ခုလုံး မွှေးပျံ့သွားလိမ့်မည်ဆိုတာ ကျွန်တော်ကောင်းကောင်းကြီး သိလိုက်ပါသည်။

           ဒီလိုနဲ့ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ရေချိုးဆပ်ပြာ၊ လက်သည်းညှပ်နှင့် မုတ်ဆိတ်ရိတ်ဂျုပ်ပါမကျန် ပစ္စည်းတွေ စုံစုံလင်လင် ထည့်လို့ပြီးသွားပါသည်။ အားလုံးရင်မောစွာစောင့်ဆိုင်းနေရသည်က ချိန်းဆိုထားသည့်အချိန်ကို ရောက်မလာသည့် ကိုယ်ပိုင် အငှားယာဉ်။

           ``စိတ်မပူပါနဲ့ အစ်ကိုရယ်။ ဒါတွေကြိုသိထားလို့ ညီမလေးက စောစောခေါ်ထားတာ``

           သူမရဲ့ ရင်ထဲမှ အပူကို ဖုံးဖိပြီး ချစ်သူကျွန်တော့်ကို စိတ်ပူမှာစိုး၍ နှစ်သိမ့်ပေးလိုက်ပုံက သူမရဲ့ ရင်ထဲက ကျွန်တော့်အပေါ်ထားရှိတဲ့ ကြင်နာခြင်း၊ မြတ်နိုးခြင်း၊ တွယ်တာခြင်းတို့ထက် လေးနက်တဲ့ ချစ်ခြင်းမေတ္တာတွေကို လှစ်ဟပြလိုက်သလို။ တကယ်ဆို အဲဒီအပူထက် ချစ်သူနဲ့ခွဲရမှာကို စိုးထိတ်နေရသည့် ညီမလေးရင်ထဲက အပူကို ကျွန်တော့်ထက်ပိုပြီး ဘယ်သူက ပိုသိနိုင်မှာလဲ။

           ဒီလိုနဲ့အငှားယာဉ်က အချိန်မီ ရောက်လာသည်ဟု ဆိုရပါမည်။ လမ်းခုလတ်တွင် ကျောက်တော်ကြီးဘုရားကို ၀င်ပြီးဖူးမျှော်ကြည်ညိုမည့် အစီအစဉ်မှလွဲ၍ အားလုံးအဆင်ပြေသွား သည်ဟုဆိုနိုင်ပါသည်။
           ``ဘုရားမဖူးရလည်း စိတ်မညစ်ပါနဲ့ ကိုကိုရယ်။ နှလုံးသားမှာဘုရားရှိဖို့က ပိုအရေးကြီးပါတယ်``

           ချစ်သူပြောတာမှန်ပါသည်။ သို့သော် သူမရင်ထဲကလာတဲ့စကားတော့ မဟုတ်ဘူးဆိုတာ ကျွန်တော်အလိုလိုသိနေပါသည်။ ချစ်သူနှစ်ဦးတူစုံယှဉ်နွှဲပြီး ချစ်သက်တေအထပ်ထပ်ထူဖို့ စိတ်ကူးအိပ်မက်လေးများ ဝေးလွင့်သွားခဲ့ရပြီမို့ ညီမလေးရဲ့ရင်ရင်ထဲက နာကျင်မှုတွေကို နှလုံးသားချင်း တူမျှသူတွေမို့ အကြွင်းမဲ့နားလည်လိုက်ပါသည်။ ကျွန်တော်စိတ်မညစ်စေဖို့ အတွက် သူမရဲ့ရင်ထဲက အပူကိုဖုံးဖိပြီး ကျွန်တော့်ကို မကြာခဏအားပေးနေသည်ကိုကြည့်ရင်း သူမနှလုံးသားထဲက မေတ္တာတွေစီးဆင်းနေတဲ့ အချစ်စမ်းချောင်းလေးက ကျွန်တော်၏ ရင်ဘတ်အတွင်းသို့ ပို၍ပို၍ တသွင်တသွင်တိုးဝှေ့စီးဆင်းလာသလို…

           ``ဘုရားဆိုတာ အမြင့်မြတ်ဆုံးမို့ ဦးထိပ်မှာပဲ ထားပါ့မယ်ညီမလေးရယ်။ နှလုံးသားကတော့ ချစ်သူတွေအတွက်ပေါ့``

           အားပေးကောင်းတဲ့ ကျွန်တော့်ချစ်သူညီမလေးအတွက် ကျွန်တော် အဲဒီလို နှစ်သိမ့်စကား လေးတွေ ပြန်ခြွေခဲ့ပါသည်။ ချိုမြိန်တဲ့ ချစ်စကားတို့ရဲ့နောက်ကွယ်က ကျွန်တော့်ရဲ့ ဟန်ဆောင်အပြုံးကို သူမ ဘာသာပြန်နိုင်ကောင်းမည်ဖြစ်သော်လည်း သူမ ကျေနပ်နေမည်ကို တော့ မပြောလည်းသိနေပါသည်။ အသက်တွေအိုမင်းရင့်ရော်သွားသည့်တိုင် နုပျိုတဲ့ချစ်စကားတွေ ကို ချစ်သူတိုင်း လိုလားမက်မောကြသည်မို့လေ။ ဒီတော့ ကျွန်တော်လည်း လောကဓံအိပ်မက်ဆိုး တွေ ဘယ်လောက်ပင် နှိပ်စက်နေပါစေ။ နှလုံးသားမှာ ဖြစ်ဖျားခံပြီး ဖြစ်တည်လာတဲ့ ချစ်စကားပွင့်လေးတွေကို ကျွန်တော့်နှုတ်ဖျားမှာ အမြဲတမ်း ဖူးပွင့်လန်းဆန်းစေခဲ့ပါတယ်။ ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော့်နှလုံးသားထဲက ချစ်သူညီမလေးပန်ဆင်ဖို့အတွက်ပေါ့။

           ဒီလိုနဲ့ လေဆိပ်ရောက်တော့ မိသားစုဓာတ်ပုံလေးတွေ အမှတ်တရရိုက်ရင်း မချိတင်ကဲ အပြုံးလေးတွေကိုယ်စီနဲ့ပေါ့။

           အခုတော့ TG-306 Flight မှ ခရီးသည်များ ၀င်ရောက်ဖို့နှိုးဆော်နေပါပြီ။ ထိုအမျိုးသမီး၏ အသံချိုချိုသည် ကျွန်တော်တို့ ချစ်သူနှစ်ဦး၏ ရင်ထဲ၌ ချိုမြိန်မှု ကင်းလျက်ရှိ၏။ အလွမ်းဒီဂရီတို့ လှိုက်ခနဲ ခုန်တက်လာသည်။ ဒီလိုနဲ့ ဟန်ဆောင်ထိန်းချုပ်၍ မရနိုင်တော့။ ချစ်သူနှစ်ဦး၏ မျက်ဝန်းမှ မျက်ရည်များသည်လည်း တိုးဝှေ့ပြေးထွက်လာခဲ့ချေပြီ။ ဘာပြော၍ ဘာလုပ်ရမှန်းမသိအောင် နှလုံးသားအစုံတို့ တွေဝေလျက်ရှိသည်။ အမြင်အာရုဏ်တို့ေ၀၀ါးလျက်ရှိသည်။ နှုတ်ထွက်စကားတို့ တုန်ယင်လျက်ရှိသည်။ ခြေလှမ်းအစုံတို့ တုံ့ဆိုင်းလျက် ရှိသည်။ ဘ၀တစ်ခုလုံးနှင့်ယှဉ်လျင် ခဏတာဟု ဆိုရမည့် ခွဲခွာခြင်းအတွက် နှလုံးသားက နားလည်ရခက်နေသည်။

           ``မျှော်လင့်ချက်နဲ့အလွမ်းတွေက နှလုံးသားကို ချိုမြိန်စေပါတယ် ညီမလေးရယ်``

           နောက်ထပ်ဟန်ဆောင်အပြုံးတစ်ချက်နဲ့ ညီမလေးရင်ထဲက အလွမ်းမီးကို ငြှိမ်းသတ်ဖို့ ကြိုးစားပေးခဲ့ပါသည်။ သို့သော် အလွမ်းမီးညွန့်တွေ တဝေေ၀နဲ့မို့ ကျွန်တော်၏ ချစ်စကားတို့ အကြွင်းမဲ့ အရာမရောက်သော်လည်း ချစ်သူတိုင်းခုန်မင်တတ်ကြသည့် လှပသည့် လက်ဆောင်တစ်ခုမို့ ချစ်သူညီမလေးကျေနပ်နေမည်ကို ကျွန်တော်သိလိုက်ပါသည်။

           ခန်းမဆောင်အတွင်းပိုင်းသို့ ပို့ဆောင်နှုတ်ဆက်နိုင်ရန် ဌာနက တရားဝင်ထုတ်သည့်စာ မေ့ကျန်ရစ်ခဲ့လေပြီ။ တစ်ပူပေါ် နှစ်ပူဆင့်၊ အလွမ်းတို့ရင့်သထက်ရင့်လာခဲ့လေပြီ။ ပို၍ညှိုးငယ်သွားသော ချစ်သူညီမလေး၏ မျက်နှာကိုကြည့်ရင်း တည်ငြိမ်မှုကို ကြိုးစားရယူလျက် ဖြေရှင်းချက်နည်းလမ်းများကို ရှာကြံနေမိသည်။ ဒီလိုနှင့် ကြံရာမရသည့်အဆုံး လုံခြုံရေးတာဝန်ရှိသူတွေကို မေတ္တာရပ်ခံကြည့်သည်။ သူတို့ကလည်း ကျွန်တော်တို့၏ ခံစားချက် ကို နားလည်ကြောင်း၊ တာဝန်အရ ဌာနဆိုင်ရာက ထုတ်ပြန်ထားသည့် အထောက်အထားမရှိပါက ခွင့်ပြုရန်မဖြစ်နိုင်ကြောင်း ဖော်ရွေစွာပြန်ကြားပေးလျက်ရှိပါသည်။ အတွေးတစ်ခု ဖျတ်ခနဲဝင်လာ သည်။ဌာနမှ တရားဝင်ထုတ်ပြန်ထားသည့် အထောက်အထားတစ်ခုကို တွေ့လိုက်ပါသည်။ ပြည်ပထွက်ခွာခွင့် အမိန့်တစ်ခု။

           လုံခြုံရေးတာဝန်ရှိသူတွေက ထိုအထောက်အထားအရ နားလည်မှုနှင့် တရားဝငခွင့်ပြုမယ် ဆိုလည်း ခွင့်ပြုပေးလို့ရကြောင်း ဂရုဏာအပြည့်ဖြင့် ပြန်ကြားလိုက်ချိန်တွင် ကြေကွဲမှုဒဏ်ရာတို့ သက်သာရာရခဲ့ပါသည်။ ကျွန်တော်တို့နှစ်ဦးရဲ့ ရင်ထဲက နက်ရှိုင်းတဲ့ အချစ်တွေနဲ့စူးရှတဲ့အလွမ်းတွေကို သူတို့အပြည့်အ၀ နားလည်သွားပုံရပါသည်။ သူတို့လည်း ချစ်တတ်သူတွေမို့ ကျွန်တော့်လို ချစ်တတ်တဲ့ချစ်သူတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးရင်း အတွင်းခန်းမဆောင်သို့ ခပ်သွက်သွက်လှမ်းထွက်နိုင်ခဲ့ကြပြန်ပါသည်။

           ခရီးဆောင်အိတ်များကို လုံခြုံရေးအရ စစ်ဆေးနေချိန်တွင် တစ်ဦးကို တစ်ဦး နက်ရှိုင်းစွာ ကြည့်ရင်း လွမ်းဆွတ်ကြေကွဲမှုတို့၏ နောက်ကွယ်မှ ချစ်ခြင်းတို့ ဖလှယ်မိခဲ့ကြပြန်ပါသည်။ အပြင်ခန်းမဆောင်၌ ကျန်ရစ်ခဲ့ကြသော မိသားစုဝင်တို့သည်လည်း ကျွန်တော်၏ခရီးအတွက် ဂုဏ်ယူဖို့ထက် ချစ်သူနှစ်ဦး၏ ညှိုးငယ်မှုကို စာနာရင်း မှိုင်တွေလျက်ရှိပါသည်။ ဒီလိုနှင့် ပို့ဆောင်နှုတ်ဆက်သည့် ဧည့်သည်များ ၀င်ရောက်နိုင်သည့် နောက်ဆုံးနေရာသို့ ရောက်ရှိလာပါ သည်။ ပြင်းပြလှတဲ့ အချစ်နဲ့ အလွမ်းတို့က အရှက်ကို ခ၀ါချရင်း အချစ်သူ၏ နဖူးပြင်ပေါ်၌ အနမ်းပန်းတစ်ပွင့်ခြွေချခဲ့မိပါသည်။ ထိုအခိုက် အားတင်းဟန်ဆောင်ထားသည့် ချစ်သူ၏ ရင်ထဲမှ ငိုရှိုက်သံတစ်ခု အထင်းသားပွင့်ထွက်လာသည်။ နှစ်ဦးသားမျက်ဝန်အစုံတို့မှ မျက်ရည်မိုးတို့ ဖြိုင်ဖြိုင်ရွာသွန်းခဲ့လေပြီ။

           သတိပြန်ဝင်လာပြီး ပတ်ဝန်းကျင်ကို ငဲ့ကြည့်လိုက်တော့ ခရီးသွားအများသူငါပင် ကျွန်တော်တို့ကို ကြည့်ရင်း မျက်ရည်ဝေ့၀ဲနေကြသယောင်။ လူတိုင်းအချစ်ကို ခံစားနားလည် တတ်ကြသည်မို့လေ။

           ထိုအချိန်တွင် အပြင်ခန်းမဆောင်၌ ကျန်ရစ်သူများကို အတူလိုက်ပါရန် ကာဆီးထားသည့် မှန်များကို ဖောက်ထွင်းလျက် ဟစ်အော်ခေါ်ဆိုနေသည့် ကလေးငယ်တစ်ဦး။ ကလေးငယ်၏ ရင်ထဲတွင် သူနှင့်သူ၏မိခင်တို့သည် ပြည်ပသို့ထွက်ခွာမည့် ဖခင်နှင့်အတူလိုက်ပါရမည်ဟု ပုံသေ တွက်ဆထားပုံရသည်။ အပြုံးမပျက်၊ အားမာန်အပြည့်ဖြင့် တသွင်သွင်အော်ဟစ်ခေါ်ဆိုလျက် ရှိသည်။ ကျွန်တော်၏ မျက်ရည်စီးကြောင်းတို့သည် ပတ်ဝန်းကျင်ကို မငဲ့ကွက်နိုင်တော့ဘဲ ပို၍ပို၍ ပြင်းပြစွာစီဆင်းလာလျက်ရှိသည်။ ထိုအချိန်တွင် ဖခင်ထွက်သွားပြီကို သိလိုက်ရသော ကလေးငယ်သည် ကျွန်တော်ရှိရာဆီသို့ အပြေးအလွှား အတင်းရုန်းထွက်လာခဲ့ပါသည်။ ကျွန်တော့်ချစ်သူညီမလေးက ကလေးငယ်ကို အပြေးအလွှားလိုက်ဆွဲရင်း နှစ်ဦးသား ချုံးချုံးချငိုပွဲ ဆင်နေပြီ။ ကျွန်တော်ဘာလုပ်ရမလဲ။ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ခြေလှမ်းများနှင့် မျက်ရည်များကို သုတ်သင်ရင်း သမင်လည်ပြန်အကြည့်နှင့်…

           ခဏအကြာတွင် သံယောဇဉ်မပြတ်သေးသောခြေလှမ်းအစုံတို့က နောက်ကြောင်း ပြန်လှည့်လာပြီး

           ``ကိုကို့ရဲ့ အချစ်သံစဉ်တွေနဲ့အတူ မြူးကြွနေတဲ့ရင်ခုန်သံတွေ ညီမလေးနှလုံးသားက တစ်ဆင့်ကြားသိနိုင်ပါစေလို့ ကိုကို အဝေးက ဆုတောင်းနေမယ်။ မြင်ယောင်ကြည့်ပါ။ ညီမလေးအတွက် ပျံဝဲနေရတဲ့ရင်ခုန်သံတွေ။ ညီမလေးရဲ့အိပ်မက်တွေထဲအထိပေါ့။ ညီမလေးရဲ့နှလုံးအိမ်တံခါးကို အကြိမ်ကြိမ်လာခေါက်နေမယ့် ရင်ခုန်သံချစ်သူကို အနမ်းဖွဖွလေးနဲ့ ကြိုဆိုနှစ်သိမ့်ပေးပါ။ ချစ်ခြင်းကို အခြေတည်ထားတဲ့ သစ္စာတရားတွေနဲ့အတူ ကိုကိုပြန်လာခဲ့ပါ့မယ်``

           ကပျာကယာအမြန်ရေးပြီး ချစ်သူအတွက် အလွမ်းပြေ ရင်ခုန်သံလေးတွေ ထားရစ်ခဲ့ပါသည်။ စောစောက ကျွန်တော့်ဆီ အပြေးလှမ်းလာနေသော ကလေးငယ်မှာ အခြားသူမဟုတ်။ ကျွန်တော်၏ အသက်နှင့်ထပ်တူ၊ ချစ်သူညီမလေးနှင့်ထပ်တူ ချစ်ရပါသော ကျွန်တော်၏ တစ်ဦးတည်းသော သမီးငယ်ပင်ဖြစ်ပါသည်။ ကျွန်တော်၏စာကို ဆုပ်ကိုင်လျက် ဖြေမဆည်နိုင်အောင်ငိုကြွေးနေကြသည့် ချစ်ဇနီးနှင့် ချစ်သမီးကို ကြည့်ရင်း…

No comments:

Post a Comment